လုပ်ငန်းခွင် ဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်

သတ္တုတူးဖော်နည်းများအလိုက် ဖြစ်ပေါ်တတ်သော မတော်တဆ ထိခိုက်မှုများနှင့် ကြိုတင် ကာကွယ်နည်းများ

မြေအောက်သတ္တုတူးဖော်ရေး၊ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများတွင် မတော်တဆ ဖြစ်ပွားတတ်သော ထိခိုက်မှုဖြစ်ရပ်များသည် အောက်ပါအကြောင်းအချက်များကြောင့် အများဆုံး ဖြစ်လေ့ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

  • အမိုးနှင့်နံရံ မြေပြိုကျခြင်း။
  • ရေတိုးဝင်ခြင်း။
  • မီးလောင်ပေါက်ကွဲခြင်း။
  • လေပြတ်ခြင်း၊ လေမလုံလောက်ခြင်း၊ ဓါတ်ငွေ့များရှုမိခြင်း။
  • အလင်းရောင်မလုံလောက်မှုကြောင့်ဖြစ်ခြင်း။
  • ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများကြောင့်ဖြစ်ခြင်း။
  • လျှပ်စစ်ဓါတ်လိုက်ခြင်း။
  • စက်ပစ္စည်းများကြောင့် ဖြစ်ခြင်း။
  • သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး စက်ယန္တရားများနှင့် နည်းစနစ်ချို့ယွင်းမှုကြောင့်ဖြစ်ခြင်း။
  • ဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းများ အသုံးမပြုခြင်း၊ အကာအကွယ် ပစ္စည်းများ၏ အရည်အသွေး ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ရခြင်း။
  • မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ရခြင်း။

အမိုးနှင့်နံရံပြိုကျသည့် အကြောင်းအရင်းများ

ခိုင်ခန့်မှု၊ တည်ငြိမ်မှုအားနည်းသော မြေအမျိုးအစားများ၊ ရေစုပ်ယူမှုများသော သဲဆန်မြေ များ၊ အက်ကြောင်းများနှင့် ကြေမွဇုံနေရာများတွင် အထောက်မဲ့အနေအထားဖြင့် လုပ်ကိုင်ခြင်း၊ တူးဖောက်သောလှိုဏ်ဂူ(ခေါင်းစား)၏ မျက်နှာပုံသဏ္ဍာန်နှင့် တပ်ဆင်သော အထောက်တို့၏ ဒီဇိုင်းပုံသဏ္ဍာန် မမှန်ခြင်း၊ အသုံးပြုသောအထောက်အထားများသည် သက်ရောက်သော ဖိအား ကိုလုံလောက်အောင် ထောက်ကန်မထားနိုင်ခြင်း၊ လုပ်ငန်းခွင်ရှိ အထောက်များနံရံ အကာ အကွယ်များကို ပုံမှန်စစ်ဆေးမှု မပြုလုုပ်ခြင်း၊ လုပ်ငန်းခွင်မဝင်မီလုပ်ကွက်၏ အမိုး၊ နံရံနှင့် မျက်နှာပြင်တို့၏ အခြေအနေကို သေချာစွာမစစ်ဆေးခြင်း၊ မြေပြိုကျမည့် အခြေအနေ၏ ရှေ့ပြေး သတိပေးချက်များ (ဥပမာ-ရေစိမ့်ထွက်ခြင်း၊ ကျောက်တုံးငယ်များ၊ မြေစိုင်ခဲကလေးများနှင့်မြေမှုန် များပြုတ်ကျခြင်း၊ သစ်သား၊ အထောက်များ ကွေးညွတ်ခြင်း၊ အက်ကွဲခြင်း၊ အသံမြည်ခြင်း)အား ဂရုပြုလေ့လာမှုမပြုခြင်းတို့ကြောင့် မြေပြိုကျခြင်းများ ဖြစ်ပေါ်ရပါသည်။

ကြိုတင်ကာကွယ်နည်းများ

အထက်ဖော်ပြပါ အမိုးနှင့်မြေသားများ ပြိုကျသည့်မတော်တဆ ထိခိုက်မှုမျိုး မဖြစ် ပေါ်စေရန် အောက်ဖော်ပြပါ နည်းစနစ်များ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကြိုတင်ကာကွယ် ပါသည်-

  • မြေအောက်ရွှေသတ္တု တူးဖော်ရေးလုပ်ငန်း အင်ဂျင်နီယာများ/ပညာရှင်များ၏ ညွှန်ကြားချက်ကို ခံယူလျှက်တူးဖောက်သော မြေအမျိုးအစား၊ လှိုဏ်ဂူမျက်နှာဝ၊ သက်ရောက်သော ဖိအားများနှင့် ကိုက်ညီသည့်် အထိန်းအထောက်များ တပ်ဆင်ပါ။ လုပ်ငန်းခွင်မဝင်မီ နေ့စဉ်လုပ်ကွက်မျက်နှာပြင်၊ အမိုး၊ နံရံနှင့် အဝင်လမ်းများရှိ သစ်သားအထောက်များကို စစ်ဆေးပါ၊ လိုအပ်ပါက အထိန်းအထောက်များ ချက်ချင်းတပ်ဆင်ပါ။ အန္တရာယ်ကင်းရှင်းမှသာ ပုံမှန်လုပ်ငန်းဆောင်ရွက်ပါ။ လုပ်ငန်း ဆောင်ရွက်နေစဉ် ရုတ်တရက်မြေပြိုကျနိုင်မည့် ရှေ့ပြေးအခြေအနေများကို ဂရုစိုက် လေ့လာပါ။ ထူးရှားမှုရှိပါက ချက်ချင်းအကာအကွယ်၊ အထိန်းအထောက်များပြုလုပ် ပါ၊ တာဝန်ရှိသူ အကြီးအကဲများကို အမြန်တင်ပြ၍ ထူးခြားသော အခြေအနေများ အားမတားဆီးနိုင်လျှင်/ မရပ်တန့်လျှင် ချက်ချင်းနေရာမှ ထွက်ခွာ၍ယင်းနေရာအား ခေတ္တပိတ်ထားပါသည်။
  • လုပ်ကွက်အထက် မျက်နှာပြင်ရှိ ရေအမြောက်အများ စုဝေးလျှက်ရှိသည့် ရေအိုင် များ၊ မြစ်များ၊ ချောင်းများမှတဆင့် ရေထု၏ဖိအားကြောင့် လုပ်ကွက်အတွင်း သို့တိုး ၀င်ပါသည်။
  • လုပ်ကွက်ရပ်ဝန်းရှိကြေမွဇုန်များ ပြတ်ရွေ့များမှတဆင့် ရေများစိမ့်ဝင်ခြင်းတို့ ဖြစ်ပေါ် ပါသည်။

ကိုတင်ကာကွယ်နည်းများ

မြေအောက်ရေများ လုပ်ကွက်အတွင်းသို့ ရေများစိမ့်ဝင်မှု နည်းပါးသက်သာစေရန် အောက်ပါနည်းများဖြင့် ဆောင်ရွက်ပါသည်။

  • လုပ်ကွက်မျက်နှာပြင်အထက်ရှိ ရပ်ဝန်းတွင် ရွာသွန်းချသော မိုးရေများကို ရေနုတ် အားကောင်းသော ရေမြောင်းများဖြင့် ရေလွှဲပေးခြင်း။
  • မြေအောက်လုပ်ကွက်များ၏ အထက်မြေပြင်ရှိ ရေအစုအဝေးများ လျော့နည်း စေရန်ရေချောင်းများအား လွှဲဖောက်ပေးခြင်း။
  • မြေမျက်နှာပြင်နှင့် မြေအောက်လှိုဏ်ဂူများတွင်ရှိသော အက်ကြောင်းများမှ တဆင့် ရေများစိမ့်ဝင်မှု လျော့နည်းသက်သာစေရန်အတွက် ဘိလပ်မြေ၊ သဲ၊ ကျောက်များ ဖြည့်သွင်း၍ ပိတ်ဆို့ခြင်း၊ သရိုးကိုင်ခြင်း၊ သတ္တုတွင်းရပ်ဝန်းရှိ ရေများအား၊ ရေလွှဲ မြောင်းများ ဖောက်လုပ်၍ ရေလွှဲပေးခြင်း၊ ရုတ်တရက် စိမ့်ဝင်လာသော ရေပမာဏ နည်းပါက ရွှံ့စေးများ၊ သဲအိတ်များဖြင့် ယာယီပိတ်ဆို့၍ ရေစိမ့်ဝင်မှုလျော့နည်း သက်သာအောင် ပြုလုပ်ပေးခြင်း။
  • မြေအောက်စိမ့်ရေများအား ရေစုကန်ဖြင့် စုစည်း၍ ရေစုပ်စက်များဖြင့် စုပ်ထုတ်ခြင်း တို့ဖြင့် ကြိုတင်ကာကွယ်ပါသည်။

မီးလောင်ပေါက်ကွဲခြင်းဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ

မီးလောင်ပေါက်ကွဲသည့် မတော်တဆထိခိုက်မှုများသည် မြေအောက် ကျောက်မီး သွေးတွင်းများနှင့် သတ္တုတူးဖော်သည့်တွင်းများတွင် အများဆုံးဖြစ်ပေါ်တတ်ပါသည်။ ဤ မတော်တဆ ဖြစ်ပေါ်မှုဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • မြေအောက်လေထဲတွင် သဘာဝအလျောက်ဖြစ်ပေါ်လေ့ရှိသော မီးလောင်လွယ် သည့် ဓါတ်ငွေ့များ၏ ပမာဏလွန်ကဲခြင်း။
  • မြေအောက်လုပ်ကွက်များတွင် အသုံးပြုသည့် လျှပ်စစ်/စက်မှုဆိုင်ရာ ပစ္စည်း ကိရိယာများအား မီးနှင့် အပူဖြစ်ပေါ်မှုကို ကာကွယ်သော အကာအကွယ်များ မရှိခြင်း၊ ပျက်စီးချို့ယွင်းခြင်း။
  • အကာအကွယ်မဲ့မီး (Naked Light) အသုံးပြုခြင်း။
  • မြေအောက်လေစီးနှုန်းအားနည်းခြင်း၊ မမှန်ခြင်း။
  • ယမ်းဖောက်ခွဲမှုနှင့် ပတ်သက်၍ နည်းစနစ်မမှန်ခြင်း၊ ကြိုတင်ကာကွယ်မှု မပြုလုပ် ခြင်း။
  • လုပ်ငန်းခွင် စည်းမျည်းစည်းကမ်း လိုက်နာမှုအားနည်းခြင်း၊ ပျက်ကွက်ခြင်း။

ကြိုတင်ကာကွယ်နည်းများ

အထက်ဖော်ပြပါ မတော်တဆမီးလောင်ပေါက်ကွဲမှု မဖြစ်စေရန် အောက်ဖော်ပြပြပါ နည်းစနစ်များဖြင့် ကြိုတင်ကာကွယ်ပါသည်

  • ရွှေသတ္တုတွင်းများတွင် သဘာဝအလျောက် မီးလောင်လွယ်သော မီသိမ်းဓါတ်ငွေ့ (Methane Gas)များ ထွက်ရှိလေ့ရှိသဖြင့် လုပ်ငန်းခွင်မဝင်မီ နေ့စဉ်လုပ်ကွက်များ၊ ၀င်/ထွက်လမ်းများအားလုံးရှိ လေထဲတွင် မီးလောင်လွယ်သော ဓါတ်ငွေ့ပါ၀င်မှု ပမာဏကို တိုင်းတာစစ်ဆေး၍ လေထဲတွင်ဓါတ်ငွေ့ပါ၀င်မှုများ နေပါကယင်း လုပ်ကွက်/ နေရာသို့လေထဲတွင် ဓါတ်ငွေ့ပါ၀င်မှု ပမာဏလျော့နည်းအောင် ပြုလုပ် ပေးရမည့်အပြင် လုပ်ကွက်တိုင်းတွင် အလုပ်လုပ်နေစဉ် ဓါတ်ငွေ့ပမာဏ တိုင်းတာ နိုင်သည့်ဘေးကင်းမီးအိမ် (Safety Lamp) ထားရှိပေးရမည်။ လိုအပ်ပါကလုပ်သား များအလွယ်တကူ အသုံးပြုနိုင်ရန် ဓါတ်ငွေ့ကာမျက်နှာဖုံး (Gas Mask)များ အဆင် သင့်ထားရှိရမည်။ လုပ်ကွက်အစုအဝေးအလိုက် အသက်ရှူကိရိယာ (အောက်ဆီဂျင် ဘူး)များ ထားရှိပေးရပါသည်။
  • ရွှေသတ္တုတွင်းများတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်း ကိရိယာများ(ဥပမာ-မော်တာများ၊ ဒိုင်နမိုများနှင့် ဓါတ်ကြိုးများ) အားလုံးကို အပူနှင့် မီးပွား (Spark)များ မထွက်အောင်ကာကွယ်ပေးခြင်း (Sealed) လုပ်ပေးရမည်။ ထို့အပြင် စက်ခါးပတ် ကြိုးများ၊ ဒလိမ့်တုံး (Roller and Idler) များစသော ပစ္စည်းများကိုလည်း ပွတ်မှုအပူ (Heat due to friction) မရှိအောင် စီမံထားပေးရသည်။
  • အကာအကွယ်မဲ့မီး (Naked Light) များမှ ထွက်ရှိသော အပူများကြောင့် မီးလောင် လွယ်သော ဓါတ်ငွေ့များ၊ မီးမလောင်စေရန် မြေအောက် သတ္တုတွင်း လုပ်ငန်းသုံးရန် သီးသန့် စီမံပြုလုပ်ထားသော ဘက်ထရီမီးအိမ်များကိုသာ အသုံးပြုရမည့်အပြင် မြေအောက်လုပ်ငန်းသုံး လျှပ်စစ်မီးသီးများကို အလွယ်တကူထိခိုက်မှုကြောင့် မကွဲစေရန် ကြေးဇကာများ၊ ဖန်အုပ်ဆောင်းများဖြင့် အကာအကွယ် ပေးထားရ သည်။ မြေအောက်တွင် အလုပ်လုပ်ကြရသည့် လုပ်သားများအား ဆေးလိပ်မီးခြစ် များ အသုံးမပြုနိုင်အောင် ကြပ်မတ်ပေးရသည်။
  • မြေအောက် သတ္တုတွင်းများ၏ လုပ်ကွက်များတွင် ယမ်းဖောက်ခွဲမှုမပြုမီ ယမ်းခွဲမည့် နေရာရှိ လေထဲတွင်မီးလောင်လွယ်သော ဓါတ်ငွေ့များနှင့် ကျောက်မီးသွေး အမှုန် များပါ၀င်မှု ပမာဏကို တိုင်းတာစစ်ဆေးရမည်။ မီးလောင်လွယ်သော ဓါတ်ငွေ့ပါ၀င် မှု ပမာဏကိုတိုင်းတာ စစ်ဆေးရမည်။ မီးလောင်လွယ်သော ဓါတ်ငွေ့ပါ၀င်မှုပမာဏ ၀.၅%(ထုထည်)နှင့် အထက်ရှိလျှင် လုံးဝယမ်းမခွဲရ၊ ဓါတ်ငွေ့ပါ၀င်မှု ပမာဏလျော့ နည်းအောင် ဖြည့်စွက်လေပေးသွင်းမှု ပြုလုပ်ပေးရမည်။ လေပေးသွင်းမှု လုပ်ငန်း များဆောင်ရွက်ပြီး လေထဲတွင် မီးလောင်လွယ်သော ဓါတ်ငွေ့ပါ၀င်မှုကို တိုင်းတာ စစ်ဆေးရမည်။ အန္တရာယ်မဖြစ်နိုင်သော (မီးမလောင်နိုင်သော) အနေအထားရှိမှ သာယမ်းခွဲရမည်။ ယမ်းမခွဲမီ လုပ်ကွက်မျက်နှာပြင်၏ အပူလျော့ကျစေရန်ရေဖျန်း ခြင်း၊ အပူပျံ့နှံ့မှုကို ကာကွယ်ရန် ကျောက်မှုန့်များ ပတ်ဖျန်းခြင်းပြု လုပ်ပြီးမှသာ သတ်မှတ်ထားသော (ခွင့်ပြုထားသော) ယမ်းဘီလူးအမျိုးအစားနှင့် ပမာဏကို သတ်မှတ်ချက်နှင့်အညီ အသုံးပြုဖောက်ခွဲရပါမည်။
  • ယမ်းမခွဲမီ မီးလောင်မှုမဖြစ်စေရန်နှင့် ပျံ့နှံ့မှုမရှိစေရန် မီးသတ်ပစ္စည်းများနှင့် မီးသတ် သမားများကို မလှမ်းမကမ်းဘေးကင်းသည့် နေရာတွင် အဆင်သင့် ကြိုတင်ထားရှိ ရပါသည်။
  • ယမ်းခွဲရာတွင် အသုံးပြုသည့် ယမ်းတွင်းသိပ်ပစ္စည်း (Streaming Material) သည် မီးမလောင်နိုင်သော အပူမဖြစ်စေသော ပစ္စည်းဖြစ်ရမည်။
  • လျှပ်စစ်စနက်တံ အသုံးပြုဖောက်ခွဲပါက အသုံးပြုသော ယမ်းဖောက်ခွဲစက် (Exploder)သည် မြေအောက်သတ္တုတွင်းအတွက် သတ်မှတ်ပြဌာန်း အတည်ပြု ထားပြီးသည့် ဖောက်ခွဲစက်ဖြစ်ရမည်။
  • လျှပ်စစ်ဝါယာကြိုးများအား ပုံမှန်စစ်ဆေး၍ သတ်မှတ်ထားသော လျှပ်စီးပမာဏ ထက်ပို၍မစီးစေရ၊ အသုံးပြုကာလကြာမြင့်၍ ချို့ယွင်းသော ၀ါယာကြိုးများကို လဲလှယ်ပေးရပါသည်။

လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်း၊ ပျက်ကွက်ခြင်းကြောင့် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားခြင်း

မြေအောက်သတ္တုတွင်းများတွင် တာဝန်ထမ်းဆောင်ကြသည့် ၀န်ထမ်းများ လိုက်နာရန် ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်း၊ ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်း(ဥပမာ- Safety Lamp ၏ မီးကိုပိုမို လင်း စေရန် ပိတ်ထားသော Seal ကိုဖြုတ်၍ မီးအားမြှင့်ခြင်း၊ ပိတ်ပင်ထားသောမီးနှင့် အပူဖြစ် စေသောပစ္စည်းများအသုံးပြုခြင်း၊ ဆေးလိပ်သောက်ခြင်းစသည့် ချိုးဖောက်မှုများ) ကြောင့်မတော်တဆမီးလောင်မှုများ ဖြစ်ပွားတတ်ပါသည်။

ကြိုတင်ကာကွယ်နည်းများ

ဤမတော်တဆမီးလောင်မှုမျိုး မဖြစ်ပေါ်စေရန် အောက်ပါအတိုင်း ကြိုတင်ကာ ကွယ်မှုများ ပြုလုပ်ရပါမည်။

  • လုပ်ငန်းသုံးအတွက် သတ်မှတ်ထားသော ဘေးကင်းမီးအိမ်(Safety Lamp)ကို အသုံးပြုစေရမည့်အပြင် မီးအားမြှင့်တင်ခြင်း၊ လျော့ချခြင်း မပြုနိုင်အောင်ထိန်း ချုပ်(Seal) ပေးရမည်။
  • ဘေးကင်းမီးအိမ်များအား လုပ်သားများသို့ မထုတ်ပေးမီ မီးအိမ်များ၏ ထိန်းချုပ် မှု(Seal) ကိုစစ်ဆေးပြီး လုံခြုံမှုရှိမှသာ ထုတ်ပေးရမည်။
  • မြေအောက်လုပ်ငန်းခွင်ဝင်မည့် လုပ်သားများအား မီးနှင့်အပူဖြစ်စေသော ပစ္စည်း များ(ဆေးလိပ်၊ မီးခြစ်၊ ဖယောင်းတိုင်စသည်များ) မယူဆောင်နိုင် အောင်ရှာဖွေ စစ်ဆေးရမည်။
  • မြေအောက်တွင်းတွင် တာဝန်ထမ်းဆောင်သူများ အားလုံးကို မီးလောင်ပေါက် ကွဲမှုဖြစ်စေသော အကြောင်းအချက်များအား ပညာပေးဟောပြောမှု၊ သင်တန်း ပို့ချမှုများ ပြုလုပ်ပေးရမည်။
  • လုပ်သားများအားလုံး သတ်မှတ်ပေးထားသော ဘေးအန္တရာယ်ကာကွယ်ရေး ၀တ်စုံအပြည့် ၀တ်ဆင်ကြရမည်။

လေပြတ်ခြင်း၊ လေမလုံလောက်ခြင်း၊ ဓါတ်ငွေ့များရှူမိခြင်း

မြေအောက်သတ္တုတွင်းများ၊ မြေအောက်ကျောက်မီ်းသွေးတွင်းများ၊ မြေအောက်ကျောက် မျက်ရတနာ တူးဖော်ရေးလုပ်ငန်းခွင်များတွင် အထက်ပါမတော်တဆ ထိခိုက်မှုမျိုးဖြစ်ပေါ် တတ်ပါသည်။ အသက်ရှူမွန်းကြပ်ခြင်း၊ သတိလစ်မူးမေ့ခြင်းစသော မတော်တဆ ထိခိုက်မှုများ သည်အောက်ပါ အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လေ့ရှိပါသည်။

ဖြစ်ပေါ်ရသောအကြောင်းအရင်းများ

  • ပြင်ပမှသဘာဝဖိအားစနစ်ဖြင့် ဖြစ်စေ၊ လျှပ်စစ်မော်တာသုံး လေပေး ပန်ကာဖြင့် ဖြစ်စေ၊ မြေအောက်လုပ်ငန်းခွင်များသို့ ပေးပို့သော လေမလုံလောက်ခြင်း၊ လေ ပေးသည့်စနစ် ချို့ယွင်းခြင်း။
  • အချို့သတ္တုတွင်းများနှင့် ကျောက်မီးသွေးတွင်းများတွင် သဘာဝအလျောက် ဖြစ် ပေါ်တတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ၊ သစ်သားအထောက် အထားများ ပုတ်သိုးဆွေးမြေ့ရာမှ ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် ဓါတ်ငွေ့များထွက်ပေါ် ခြင်း၊ ဖြစ်ပေါ်သောဓါတ်ငွေ့များအား ရှူမိခြင်း။

ကြိုတင်ကာကွယ်နည်းများ

အထက်ပါ မတော်တဆ ထိခိုက်မှုများ မဖြစ်ပေါ်ရန် အောက်ပါနည်းစနစ်များဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။

  • မြေအောက်လုပ်ကွက်များသို့ သဘာဝလေဖိအားစနစ်ဖြင့် လေလုံလောက်စွာ ရရှိ နိုင်အောင် ဆောင်ရွက်ခြင်း။
  • အရေးပေါ်လုပ်ငန်းသုံး လေပေးပန်ကာများ၊ လေပိုက်များတပ်ဆင်ထားပေးခြင်း။
  • နေ့စဉ်လုပ်ငန်းမစမီ မြေအောက်လုပ်ကွက်များ၊ ၀င်/ထွက်လမ်းများ၊ ဖြတ်လမ်း များ၏ လေစီးနှုန်းကို ပုံမှန်တိုင်းတာစစ်ဆေးခြင်း၊ လေနမူနာကောက်ယူ စမ်းသပ် ခြင်း၊ လေထဲတွင်အောက်ဆီဂျင်ပါ၀င်မှု လုံလောက်၍ အသက်ရှူခြင်းကို အန္တရာယ်ဖြစ်စေသော ဓါတ်ငွေ့ပါ၀င်မှု လုံလောက်၍ အသက်ရှူခြင်းကို အန္တရာယ်ဖြစ်စေသော ဓါတ်ငွေ့ပါ၀င်မှုသည် သတ်မှတ်ချက်ထက် ပို/မပို စစ်ဆေး ခြင်း။ (မြေအောက်လေစီးကြောင်းထဲတွင် အောက်ဆီဂျင်ပါ၀င်မှု ၁၉%(ထုထည်) နှင့်အထက်ကာဗွန်ဒိုင်အောက် ဆိုဒ်ပါ၀င်မှု ၁%(ထုထည်)နှင့် အောက်ရှိရမည့် အပြင် လေ၏အပူချိန်သည် (၃၇ံ) စင်တီဂရိတ်ထက် မပိုစေရပါ။) စံနှုန်းသတ်မှတ် ချက်များထက်လျော့နည်းပါက လေစီးကြောင်း၏သန့်ရှင်းမှုနှင့် ပမာဏလုံ လောက်မှသာ လုပ်ငန်းလုပ်ကိုင်စေခြင်း။
  • အရေးပေါ်အသုံးပြုရန် အသက်ရှူကိရိယာများအား လုပ်ငန်းခွင်အနီး လက်လှမ်း မီသောနေရာများတွင် ထားရှိပေးပြီး၊ ကိရိယာများ အမြဲတမ်းကောင်းနေစေရန် စစ်ဆေးမှုများပြုလုပ်၍ စစ်ဆေးချက် မှတ်တမ်းများကိုလည်း စနစ်တကျထားရှိ ခြင်း။
  • အကြောင်းအမျိုးမျိုးကြောင့် ရက်အတန်ကြာ လုပ်ငန်းရပ်နားထားသော လုပ် ကွက်များအား ပြန်လည်လုပ်ကိုင်လိုပါက အချိန်(၄)နာရီထက်မနည်း လေကြို တင်ပေးသွင်း၍ စစ်ဆေးပြီးလေထဲတွင် အန္တရာယ်ဖြစ်စေသော ဓါတ်ငွေ့များကင်း ရှင်း၍လေလုံ လောက်မှုရှိမှသာလုပ်ငန်းလုပ်ကိုင်စေခြင်း။

အလင်းရောင်မလုံလောက်မှုကြောင့်ဖြစ်ရခြင်း

မြေအောက်သတ္တုတွင်း လုပ်ငန်းခွင်တွင် အမြဲအလင်းရောင် လိုအပ်သည့် အတွက် အလင်းရောင်လုံလောက်စွာရရှိရန် လိုအပ်ပါသည်။ အလင်းရောင်မလုံလောက် မှုကြောင့် မြေအောက်လုပ်ငန်းခွင်များတွင် အောက်ပါမတော်တဆ ထိခိုက်မှုများဖြစ်ပေါ် လေ့ရှိပါသည်။

  • မြေစာသယ် Mine Car များနှင့် လူတိုက်ခိုက်မိခြင်း။
  • မြေစာသယ် Mine Car များ အချင်းချင်းတိုက်ခိုက်မိခြင်း။
  • မြေစာသွန်ပေါက် ( Ore Chute) များ၊ စိုက်တွင်းများထဲသို့ လူနှင့် မြေစာ သယ်လှည်းများ ပြုတ်ကျခြင်း။
  • ကျောက်တုံးကျောက်ခဲများ၊ အထောက်တိုင်များ နှင့် တိုက်ခိုက်မိခြင်း။

ကြိုတင်ကာကွယ်နည်းများ

အထက်ပါ အလင်းရောင်မလုံလောက်မှုကြောင့် ဖြစ်ပေါ်ရသော မတော်တဆ ထိခိုက်မှုများမဖြစ်ပေါ်စေရန် အောက်ပါနည်းစနစ်များ ဆောင်ရွက်ခြင်းဖြင့် ကာကွယ် နိုင်ပါသည်။

  • မြေအောက်သတ္တုတွင်းများရှိ သယ်ယူရေးလုပ်ငန်းသုံး ပင်မလှိုဏ်ဂူများ မြေစာ သယ်လမ်းကြောင်းများတွင် လုံလောက်စွာ အလင်းရောင်ရရှိစေရန် လျှပ်စစ်မီး များထွန်းပေးခြင်း၊ မီးသီးများ မတော်တဆထိခိုက်ကွဲမှု မဖြစ်စေရန် အကာ အကွယ်များ ပြုလုပ်ပေးခြင်း။
  • မြေအောက်လုပ်ငန်းခွင်ရှိ မြေစာသယ်ခွက်များအား ဆွဲသည့်ဓါတ်အားသုံး စက်ခေါင်းငယ်များ (Electric Locomotives)တွင် အလင်းရောင် ကောင်းစွာ ပေးနိုင်မည့် မီးသီးကြီးများ ထွန်းပေးခြင်း၊ ကောင်းမွန်သော အချက်ပေးဥသြများ တပ်ဆင်ပေးခြင်း၊ သတ်မှတ်ကန့်သတ်သော အရှိန်အတိုင်း မောင်းနှင်စေခြင်း၊ လုပ်ငန်းခွင်မဝင်မီ အရှိန်ထိန်းစနစ်နှင့် ပစ္စည်းများ၊ မီးသီးများ၊ (ဂီယာ၊ လီဗာ၊ ဘရိတ်အစရှိသည့် အစိတ်အပိုင်းများ)ကောင်း၊ မကောင်းစစ်ဆေး၍ ကောင်းမွန် စိတ်ချရမှသာ အသုံးပြုစေခြင်း၊ ကန့်သတ်ထားသော မြေစာခွက် အရေအတွက် နှင့် ၀န်ချိန်ကိုသာ ဆွဲစေခြင်း။
  • မြေအောက်လုပ်ငန်းခွင် အသီးသီးရှိ တာဝန်ထမ်းကြသည့် လုပ်သားများ အားလုံးကို ကိုယ်နှင့်မကွာ သယ်ဆောင်သွားနိုင်သော ကာဗိုဒ်မီးခွက်များ၊ ဖယောင်းတိုင်များ၊ လက်နှိပ်ဓါတ်မီးများ အသုံးပြုစေခြင်း။
  • မြေအောက်အထပ်များရှိ မြေစာသွန်ပေါက် (Ore Chute)များ၊ အစောင်း စိုက်တွင်းများ၊ (Incline Shaft)၊ မတ်ရပ်စိုက်တွင်းများ၏ အဝတွင် လျှပ်စစ်မီးများထွန်းပေးခြင်း၊ လုံခြံုစိတ်ချရသော အရန်အတားများ (တံခါးများ) တပ်ဆင် ပေးခြင်း။
  • မြေအောက်လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ကြသည့် လုပ်သားများအား လုံးကို မြေအောက်လမ်းကြောင်းများ၏ အနေအထားကို ကောင်းစွာသိရှိအောင် လေ့ကျင့်မှုများပြုလုပ်ပေးခြင်း။

ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများကြောင့် မတော်တဆဖြစ်ပွားခြင်း

မြေအောက်သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်း နှင့် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းများတွင် ယမ်းဘီလူးနှင့် ဆက်စပ် ပစ္စည်းများကို အခြေခံလျှက် အောက်ပါ မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လေ့ရှိပါသည်။

  • မပေါက်ကွဲသော ယမ်းတွင်းအား ရှင်းလင်းရာမှ မတော်တဆပေါက်ကွဲ၍ ထိခိုက် ဒါဏ်ရာရခြင်း၊ သေဆုံးခြင်း။
  • မပေါက်ကွဲသော ယမ်းတွင်းထဲမှ ယမ်းတောင့်အား မတော်တဆလွန်ချောင်းနှင့် ထိုးမိ၍ ပေါက်ကွဲပြီး မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်း။
  • မလတ်ဆတ်သော ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုသည့်အတွက် မတော်တဆ ပေါက်ကွဲထိခိုက်ဒါဏ်ရာ ရရှိခြင်း၊ သေဆုံးခြင်း။
  • ယမ်းတောင့်နှင့် ဆက်စပ်ပစ္စည်းများ တွဲဆက်တပ်ဆင်ရာတွင် စနစ်တကျမှန်ကန် စွာမဆောင်ရွက်ခြင်း။
  • ယမ်းနှင့် ဆက်စပ်ပစ္စည်းများ လုပ်ကွက်သို့ သယ်ဆောင်ရာတွင် နည်းစနစ်မမှန် ကန်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။

ကြိုတင်ကာကွယ်နည်းများ

အထက်ပါ မတော်တဆထိခိုက်မှုများ မဖြစ်စေရန် အောက်ပါကြိုတင် ကာကွယ် မှုများပြုလုပ်ရန် လိုအပ်ပါသည်။

  • မပေါက်ကွဲသော ယမ်းတွင်းထဲမှ ယမ်းတွင်းသိပ်ပစ္စည်းများအား ရေပန်း (Water Jet) ဖြင့် ဖြစ်စေ၊ လေပိုက် (Compressed Air Hose Pipe) များအသုံးပြု၍ဖြစ် စေ၊ စနစ်တကျ ဖယ်ရှားရှင်းလင်းပြီး၊ အတွင်းမှ မပေါက်ကွဲသော ယမ်းတောင့်ကို ဖြည်းညင်းစွာ ထုတ်ယူ၍ ဘေးအန္တရာယ် ကင်းရှင်းသောနေရာတွင် စနစ်တကျ ဖျက်စီးပါ။ သို့မဟုတ် မပေါက်ကွဲသော ယမ်းတွင်းမှ(၀.၃)မီတာအကွာခန့်တွင် ယမ်းတွင်းတစ်ခုအပြိုင် တူးဖောက်၍ ရှင်းလင်းရန်၊ ဤရှင်းလင်းရေးလုပ်ငန်းကို ကျွမ်းကျင်သော အတွေ့အကြံုရှိသူကိုသာ တာဝန်ပေးမည်။
  • ယမ်းဖောက်ခွဲရာတွင် ပေါက်ကွဲသောအချက်နှင့် ဖောက်ခွဲသော ယမ်းတွင်းအရေ အတွက်ကို ကောင်းစွာရေတွက်မှတ်သားခြင်း မပြုသည့်အတွက် မပေါက်ကွဲ သောယမ်းတွင်းကျန်ရှိနေသည်ကို လွန်တူးဖောက်မည့်သူမှ မသိသဖြင့် အမှတ်တမဲ့ယမ်းတွင်းတူးရာမှ မပေါက်ကွဲသော ယမ်းတောင့်ကို ထိုးမိသောကြောင့် ပေါက်ကွဲမှုဖြစ်စေသဖြင့် ယမ်းတွင်းတူးမည့်သူသည် ယမ်းခွဲမှတ်တမ်းတွင် ဖောက်ခွဲမှု လုံးဝအောင်မြင်သည်ဟု ရေးသားထားသည့်တိုင် ယမ်းတွင်းမဖောက် မီလုပ်ကွက် မျက်နှာပြင်တွင် မပေါက်ကွဲသော ယမ်းတွင်းများ ရှိ/မရှိကို သေချာစွာ စစ်ဆေးပြီး ရှင်းလင်းစိတ်ချရမှသာ လွန်တူးဖောက်ရန် (အလွယ်တကူ စစ်ဆေး တွေ့ရှိနိုင်ရန် တူးဖောက်သော လွန်တွင်းများအား အနီရောင်သင်္ဘောဆေးဖြင့် ၀ိုင်းပြထားပါက မပေါက်ကွဲဘဲ ကျန်နေသောတွင်းကို အလွယ်တကူ ရှာဖွေတွေ့ရှိ နိုင်ပါမည်။
  • မလတ်ဆတ်သော ယမ်းနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုပါက ယမ်းကြိုးများ မီးကူးနှုန်း မမှန်ကန်သဖြင့် ပေါက်ကွဲသင့်သော အချိန်ထက်ပိုမိုကြန့်ကြာမှ ပေါက် ကွဲသဖြင့် မပေါက်ကွဲဟု ယူဆ၍ဝင်ရောက်စစ်ဆေးသူအား ထိခိုက်မှုဖြစ်သဖြင့် ယမ်းခွဲပြီးနောက် အချိန်(၃၀)မိနစ်ခန့်ကြာမှ ၀င်ရောက်စစ်ဆေးခြင်း ပြုလု
  • ယမ်းဘီလူးတောင့်အတွင်းသို့ စနက်တံနှင့် ယမ်းကြိုးထည့်သွင်း တပ်ဆင်နိုင် ရေးအတွက် ယမ်းကြိုးနှင့် စနက်တံတွဲဆက်ထည့်ရာတွင် ယမ်းကြိုးကို အရှိန်ဖြင့် စနက်တံကဲ့သို့ ဖိသိပ်ထည့်သွင်းခြင်း၊ လိမ်လှည့်၍ ထည့်သွင်းခြင်းတို့ကြောင့် စနက်တံ၏ ယမ်းပြင်းကို အပူရရှိစေပြီး ပေါက်ကွဲစေတတ်သဖြင့် ယမ်းကြိုးကို စနက်တံ၏ ယမ်းသားနှင့် ထိတွေ့ရုံသာ ဖြည်းညှင်းစွာထည့်၍ ခိုင်မြဲအောင် တွဲဆက်ပေးရန် စနက်တံသည် သတ္တုအိမ်ဖြင့် ပြုလုပ်ထားပါက ယမ်းကြိုးနှင့် စနက်တံကို ခိုင်မြဲစွာတွဲဆက်နိုင်ရန်( Crimper) ဖြင့်ဖြည်းညှင်းစွာညှစ်စေမည်။
  • ပ်ရမည့် အပြင်အသုံးပြုမည့် ယမ်းဘီလူးများ နှင့်ဆက်စပ်ပစ္စည်းများဖြစ်သည့် ယမ်းကြိုး များ၊ စနက်တံများအား သေချာစွာစစ်ဆေး၍ စိတ်ချရသည့် အခြေအနေရှိမှသာ အသုံးပြုရန် သံသယရှိသောပစ္စည်းများ အခြေအနေပျက်ယွင်းသော ယမ်းဘီး လူးနှင့် ဆက်စပ်ပစ္စည်းများအား လုံးဝအသုံးမပြုရန် သတိပေးတားမြစ်ထားမည်။
  • တွဲဆက်ထားပြီးသော စနက်တံနှင့် ယမ်းကြိုးအတွဲများကို လက်ဖြင့် ကိုင်တွယ် သယ်ဆောင်ခြင်း မပြုရ၊ အိတ်/သစ်သားပုံးအတွင်း ထည့်၍ လှုပ်ရမ်းဆောင့်ခါမှု မရှိအောင်ဂရုစိုက် သယ်ဆောင်ရန် လူတစ်ဦးတည်းမှ စနက်တံနှင့် ယမ်းဘီလူးကို ပူးတွဲမသယ်ရန်၊ ယမ်းဘီလူးကို လူတစ်ဦးမှ သယ်၍ကျန်တစ်ဦးမှ စနက်တံသယ် ရန်၊ ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းသယ်ယူသူများတွင် မီးနှင့် မီးဖြစ်စေသောပစ္စည်း၊ အပူဖြစ်စေသော ပစ္စည်းများမပါစေရ လူတစ်ဦးလျှင် သတ်မှတ်ထားသော ယမ်းဘီးလူး အလေးချိန် (၂.၅)ကီလိုဂရမ်ထက်ပိုမသယ်ရ၊ သယ်ဆောင်ရာတွင် လုံခြံု သော သစ်သားသေတ္တာ/ အိတ်များဖြင့်ထည့်၍ စနစ်တကျသယ်ယူစေမည်။
  • လျှပ်စစ်စနက်တံ အသုံးပြုဖောက်ခွဲပါက ဖောက်ခွဲမည့် လုပ်ကွက်နေရာမှ (၅၀) ပေအကွာအတွင်း လျှပ်စစ်စီးနေသော ဓါတ်ကြိုးများ ဘက်ထရီများ မရှိစေရ အောင် ကြိုတင်ဖယ်ရှားပြီးမှ ယမ်းသိပ်ခြင်း၊ ဖောက်ခွဲခြင်းပြုလုပ်ရပါမည်။

လျှပ်စစ်ဓါတ်လိုက်ခြင်း

မြေအောက်သတ္တုတွင်းများ၏ လုပ်ကွက်များတွင် လေဝင်လေထွက် ကန့်သတ် ချက်ရှိသည့်အတွက် မီးခိုးထွက်၍ လေညစ်ညမ်းမှုဖြစ်စေသော ဒီဇယ်၊ ဓါတ်ဆီ သုံးအင် ဂျင်စက်များအား သုံးစွဲလေ့မရှိဘဲ လျှပ်စစ်မော်တာများကိုသာ အသုံးပြုလေ့ရှိသည့် အတွက် မြေအောက်လုပ်ငန်းခွင်များ၌ လျှပ်စစ်ဓါတ်အားသုံးပစ္စည်းများ၊ ဓါတ်အားပို့လွှတ် သော ဓါတ်ကြိုးများကြောင့် မတော်တဆ ဓါတ်လိုက်သော အန္တရာယ်များဖြစ်ပေါ် လေ့ရှိ ပါသည်။ မြေအောက်လုပ်ငန်းခွင်များတွင် အောက်ပါမတော်တဆ ဓါတ်လိုက်မှုများ အများဆုံး ဖြစ်ပေါ်တတ်ပါသည်။

  • လျှပ်စစ်ဓါတ်အား ပို့လွှတ်သော ဓါတ်ကြိုးအားထိမိ၍ ဓါတ်လိုက်ခြင်း။
  • ဓါတ်အားထိန်းချုပ် ဖြတ်တောက်သော ခလုတ်ပုံး (Control Pannel Board) များရှိ ခလုတ်များရေစိုမှုကြောင့် ဓါတ်အားယိုစီးမှု (Current Leakage) ဖြစ်ပြီးဓါတ် လိုက်ခြင်း။
  • ရေစုပ်စက်သုံးမော်တာများ၊ လေပေးပန်ကာမော်တာများနှင့် လျှပ်စစ်ဓါတ်အားသုံး လွန်တူးစက်များတွင် လျှပ်စီးယိုဖိတ်ပြီး လျှပ်ကာစနစ်ပျက်စီး၍ ဓါတ်လိုက်ခြင်း။

ကြိုတင်ကာကွယ်နည်းများ

အထက်ပါမတော်တဆထိခိုက်မှု ဓါတ်လိုက်မှုများ မဖြစ်စေရန် အောက်ပါအတိုင်း ကြိုတင်ကာကွယ်မှုများပြုလုပ်ပေးပါမည်။

  • မြေအောက်လုပ်ငန်းခွင်တွင် လျှပ်စစ်ဓါတ်အား သယ်ဆောင်သော ဓါတ် ကြိုးများသည် အနိမ့်အမြင့် ကန့်သတ်ချက်ရှိနေသည့် အတွက်မတော် တဆ လူနှင့်ထိမိပြီး ဓါတ်လိုက်ရန် အလွန်လွယ်ကူသဖြင့် မြေအောက် လုပ်ငန်းခွင်များတွင် ပြင်ပအထွေထွေသုံး ဓါတ်အား(၂၃၀)ဗို့ အားအစား ဓါတ်အားနိမ့် (Low Voltage) ဖြစ်သော (၁၁၀)ဗို့အားကို အတတ်နိုင်ဆုံး အသုံးပြုရန်နှင့် ဓါတ်အား သယ်ဆောင်သော ဓါတ်ကြိုးများအား ရာဘာ အကာအကွယ်များအပြင် လျှပ်ကာပလပ်စတစ်ပိုက်များအတွင်း စနစ် တကျထည့်သွင်း သွယ်တန်း၍ ၀ါယာကြိုးသွယ်တန်းသည့် ပိုက်ကိုလည်း အလွယ်တကူမြင်နိုင်သော ဆေးရောင်များသုတ်ထားပြီး သတိပေး စာတမ်းများ ရေးသားထားပါမည်။
  • ဓါတ်အားထိန်းချုပ်၊ ဖြတ်တောက်၊ ဖြန့်ဝေသောခလုတ်ပုံး (Control Pannel Board) များကို လျှပ်ကာစွမ်းရည်မြင့်မားသော (High Insulative Cover) အကာအကွယ်များဖြင့် ပြုလုပ်ထားရှိရန်၊ သတိပေး ဆိုင်းဘုတ် များ ရေးသားဖော်ပြထားပေးပါမည်။
  • လျှပ်စစ်ဓါတ်အားသုံး ပစ္စည်းများဖြစ်သည့် မော်တာများအားလုံးကို ရေခိုး ရေငွေ့နှင့် အစိုဓါတ်များခံနိုင်သော လျှပ်ကာပစ္စည်းများဖြင့် အကာအကွယ် ပြုလုပ်ထားပါမည်။
  • လျှပ်စစ်ပစ္စည်းကိရိယာများအားလုံးကို မြေဓါတ်ချ(Earthing) ပြုလုပ်ထား ပြီးလုပ်ငန်းကျွမ်းကျင်သော အတွေ့အကြံုရှိသူများကိုသာ ကိုင်တွယ်ခွင့်ပြု စေပါမည်။
  • လျှပ်စစ်လုပ်ငန်းဆောင်ရွက်သူများအားလုံးနှင့် လျှပ်စစ်လွန်ဖောက်စက် ကိုင်တွယ်သူများ အားလုံးကို တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများဖြစ် သည့် ရာဘာလည်ရှည်ဖိနပ်များ၊ ရာဘာလက်အိတ်များ ၀တ်ဆင်စေခြင်း၊ လျှပ်စစ်ဓါတ်အားစမ်းသပ်သည့် စမ်းသပ်ကိရိယာ (Tester) များသုံးစွဲစေ ခြင်းနှင့် ယင်းလုပ်သားများအား လုပ်ငန်းခွင်နှင့် ပတ်သက်သော အန္တရာယ်နှင့်ကာကွယ်ရန် နည်းလမ်းများအား ပညာပေးဟောပြော ပို့ချမှုများပြုလုပ် ပေးပါမည်။

စက်ပစ္စည်းများကြောင့်မတော်တဆထိခိုက်ခြင်း

လုပ်ငန်းသုံးစက်ပစ္စည်းများဖြစ်သည့် လွန်တူးစက်များ၊ လည်ပတ်နေသော  စက် အစိတ်အပိုင်းများ၊ စက်ခါးပတ်ကြိုးများကြောင့် အောက်ဖော်ပြပါ မတော်တဆ ထိခိုက်မှု များ ဖြစ်ပွားတတ်ပါသည်။

  • လွန်တူးစက်များနှင့် ပတ်သက်၍ မတော်တဆထိခိုက်ခြင်း။
  • လည်ပတ်သောဘီးများ၊ စက်ခါးပတ်ကြိုးများ၊ လည်ပတ်နေသော ၀င်ရိုးများ အတွင်းသို့ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ အဝတ်စများညှပ်မိ၍ ထိခိုက်ဒါဏ်ရာ ရရှိခြင်း။

ကြိုတင်ကာကွယ်နည်းများ

အထက်ပါမတော်တဆ ထိခိုက်ဒါဏ်ရာရရှိခြင်းများ မဖြစ်စေရန် အောက်ပါကြို တင်ကာကွယ်မှုများ ပြုလုပ်ပေးပါမည်။

  • လွန်တူးစက် (Drill Machine)များအား ကိုင်တွယ်သူသည် လုပ်ငန်းအတွေ့ အကြံုရှိ ကျွမ်းကျင်သူဖြစ်ရမည့်အပြင် လွန်ကျင်းများစတင် တူးဖော်သည့်အခါ လွန်ချောင်းအတို(အရှည် ၁’)ကို အသုံးပြုပြီးကျင်း အနက်(၆”) အထိတူးပြီးမှ လွန်ချောင်းအရှည်နှင့် ပြောင်းလဲအသုံးပြုရသည့် လွန်တူးစက်ဖွင့်ခြင်း၊ ပိတ်ခြင်း၊ ကိုင်တွယ်ထိန်းသိမ်း ခြင်းနှင့် ပတ်သက်သော ညွှန်ကြားချက်၊ စည်းကမ်းများ၊ (ဥပမာ- လွန်တူးစက် စတင်တူးဖောက်ရာတွင် လည်ပတ်မှုအရှိန်ကိုလျော့၍ လွန်သွားအထိုင်တည်ငြိမ်မှုရှိမှသာ လွန်သွား၏ လည်ပတ်မှုအရှိန်ကို တဖြည်း ဖြည်း မြှင့်ပေးခြင်း၊ သတ်မှတ်ထားသော ကာကွယ်ရေးပစ္စည်း၊ လက်အိတ်၊ နှာခေါင်းကာ၊ မျက်စိကာများ ၀တ်ဆင်ခြင်းစသည့်ဘေး ကင်းမှုဆိုင်ရာ စည်းကမ်းချက်များ)အား တိကျစွာလိုက်နာ ဆောင်ရွက်စေပါမည်။
  • မြေအောက်လုပ်ငန်းခွင်များတွင် အသုံးပြုသည့် လည်ပတ်နေသော ၀င်ရိုးများ၊ ဘီးများ၊ စက်ခါးပတ်ကြိုး (Pulley Belt) များအားလုံခြံုသော အကာအကွယ် (Protective Devices) များ တပ်ဆင်ပေးပါမည်။
  • လည်ပတ်နေသော စက်အစိတ်အပိုင်းများအနီးနှင့် ဆက်စပ်နေသော နေရာများ တွင် အလုပ်လုပ်ကိုင်ကြရသူများအားလုံးကို အစမဖွာနိုင်သော အဝတ်များ (ဥပမာ- ဘောင်းဘီများ၊ မေးသိုင်းကြိုးပါ ဦးထုပ်များ၊ ခေါင်းစီးများ)ကို သေသပ် ကျနစွာ စနစ်တကျဝတ်ဆင်စေပါမည်။
  • လည်ပတ်နေသော စက်ကိရိယာများနှင့် ပတ်သက်၍ ဖြစ်ပေါ်တတ်သော မတော်တဆ ထိခိုက်နိုင်မှုများ၊ ကာကွယ်တားဆီးမှုနည်းစနစ်များအား ပညာပေး ဟောပြော သင်တန်းပို့ချပေးခြင်းများပြုလုပ်ပေးပါမည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး စက်ယန္တရားများနှင့် နည်းစနစ် ချို့ယွင်းမှု ကြောင့်ဖြစ်ခြင်း

မြေအောက် သတ္တုတွင်းလုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး စက်ယန္တရားများနှင့် နည်းစနစ်ချို့ယွင်းမှုများကြောင့် အောက်ပါမတော်တဆ ထိခိုက်မှု များ အများဆုံး ဖြစ်ပွားလေ့ရှိပါသည်။

  • မြေအောက်မြေစာသယ်ယာဉ်များနှင့်လူထိခိုက်ခြင်း၊ယာဉ်အချင်းချင်းထိခိုက်ခြင်း။
  • မြေပေါ်/မြေအောက် ဆက်သွယ်သော ဓါတ်လှေခါးကို အကြောင်းပြု ဖြစ်ပွားခြင်း။

ကြိုတင်ကာကွယ်နည်းများ

အထက်ပါမတော်တဆ ထိခိုက်မှုများအား အောက်ဖော်ပြပါ ကာကွယ်ရေး အစီအမံများပြုလုပ်၍ ကာကွယ် တားဆီးပေးပါမည်။

  • မြေအောက်ရှိ မြေစာသယ်ခွက်များဆွဲသည့် လျှပ်စစ်ဓါတ်အားသုံးစက်ခေါင်း များ (Electric Locomotives)၏ စက်အစိတ်အပိုင်းများ၊ ဘရိတ်၊ ဂီယာများ၊စက်ခေါင်းမီးသီးကြီးများ မြေစာခွက်များ တွဲဆက်သောချိတ်များကို လုပ်ငန်း ခွင်မဝင်မီ သေချာစွာစစ်ဆေးရပါမည်။ စက်ခေါင်းသွားလာခွင့်ကိုလည်း အချိန်ကာလသတ်မှတ် ပေးပြီးယင်းကန့်သတ်ချိန်အတွင်းမြေစာသယ်ရထား သွားလာသောလမ်းကို အခြားသူများ မသက်ဆိုင်သူများ ဖြတ်သန်းသွား လာမှုမပြုနိုင်အောင် တားမြစ်သည့် သတိပေးဆိုင်းဘုတ်များနှင့် အချက်ပြမီး များထွန်းထားပေးပြီး အစောင့်များချထားပေးရပါမည်။ မြေစာခွက်များသယ် ဆောင်နေစဉ်အတွင်း အခြားပစ္စည်းများနှင့် လူများလိုက်ပါ စီးနင်းခွင့်မပြုရန် တားမြစ်ရပါမည်။
  • မြေပေါ်/မြေအောက် ဆက်သွယ်ရေးလုပ်ငန်းသုံး ဓါတ်လှေခါးအိမ်၏ ပြင်ပ သို့လူနှင့်ပစ္စည်းများ အစွန်းအစမထွက်နိုင်အောင် လုံခြံုစွာအကာအကွယ် ပြုလုပ်ပေးခြင်း၊ ဓါတ်လှေကား၏ ရပ်တန့်ခြင်း၊ ထွက်ခွါခြင်းနှင့် ဆိုင်သော အထိန်းခလုတ်များကို သက်ဆိုင်ရာတာဝန်ရှိသူ ၀န်ထမ်းမှအပ ကျန်လူများ ကိုင်တွယ်ခွင့်မပြုရန်၊ ဓါတ်လှေခါးအိမ်အတွင်း သတ်မှတ် ခွင့်ပြုထားသော လူအရေအတွက်နှင့် ပစ္စည်းအလေးချိန်ထက် ပိုမိုတင်ချ စီးနင်းခွင့်မပြုရန်၊ ဓါတ်လှေခါးအား လူတင်/ချခြင်း၊ ပစ္စည်းတင်/ချခြင်း ပြုလုပ်ရာတွင် လုပ်ငန်း အလိုက် သတ်မှတ်ထားသော အမြန်နှုန်းထက် မပိုအောင်ထိန်းချုပ် ဆောင် ရွက်ရန်၊ ဓါတ်လှေခါးအစောင့်နှင့် စက်မောင်းအခန်းကို ဆက်သွယ်ထား သော အချက်ပေးစနစ်ကို လုံခြံုတိကျအောင် စီမံဆောင်ရွက်ရန်၊ ဓါတ်လှေ ခါးအိမ်တွင် မတော်တဆပြုတ်ကျပါက ချက်ခြင်းရပ်တန့်နိုင်စေရန် လုံခြံုရေး အထိန်းစနစ် တပ်ဆင်ထားပါမည်။
  • မြေပေါ်သို့ မြေစာတင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြေစာပုံးနှင့် ဆွဲကြိုး ကိုချိတ်ဆက်သောစနစ်သည် ပီပြင်ကောင်းမွန်ရမည့်အပြင် လုံခြံုမှုရှိအောင် ဆောင်ရွက်ထားပါမည်။
  • အချို့သောဒေသအလိုက် မြေအောက်သို့လူချခြင်း၊ ပစ္စည်းချခြင်းများ    ဒလိမ့်တုံး/ စက်သီးများဖြင့် လူများအတင်/အချ ပြုလုပ်ပါကစီးနင်း လိုက်ပါ သူများသည် အရေးပေါ်လုံခြံုရေး ခါးပတ်များ ၀တ်ထားရမည့် အပြင် လုံခြံုရေးခါးပတ်များအား မြေပြင်မှ တိုက်ရိုက်ဆက်သွယ်ထား သော အထိန်းကြိုးနှင့် ခိုင်မြဲအောင်ဆက်သွယ်ရမည်။( ဤအတင်/အချ လုပ်ငန်း ကို အကြောင်းပြု၍ မတော်တဆ ပြုတ်ကျထိခိုက် သေဆုံးမှုများသည် ပုဂ္ဂလိကလုပ်ငန်းများ ဖြစ်သည့် သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်များနှင့် မိုင်းရှူးဒေသ၊ မိုးကုတ်ဒေသရှိ ရိုးရာဓလေ့နည်းအတိုင်း လုပ်ကိုင်ကြသည့် မြေအောက်ရွှေတူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းများတွင် အများဆုံးဖြစ်ပေါ်တတ်ပါသည်။
  • ဓါတ်လှေခါးအိမ် (Cage) နှင့် ဆက်သွယ်ထားသည့် အတင်/အချ ပြုလုပ် သော သံမဏိကြိုးအား နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ပုံမှန်စစ်ဆေးခြင်း၊ ကြံ့ခိုင် ရေးပြုလုပ်ခြင်းနှင့် တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အကြီးစားစစ်ဆေးမှု ပြုလုပ်ပြီး ကြိုး၏ဆန့်ထွက်မှုကို တိုင်းတာခြင်း၊ ကြိုး၏မျက်နှာ ပြင်ဧရိယာ လျော့နည်းမှုကို တိုင်းတာပြီး ဆန့်ထွက်လာသော ကြိုးအရှည်ကို ဖြတ်၍ ၀န်တင်/ချမှုကို ပြောင်းလဲသောကြိုး၏ အခြေအနေနှင့် လို်က်လျောညီထွေ မှုရှိအောင် လျော့ချသတ်မှတ်ပေးခြင်းဆောင်ရွက်ပါမည်။
  • ဓါတ်လှေခါးအိမ်အား အတင်/အချ ပြုလုပ်သော ကြိုးကိုရစ်သည့် ရစ်ဘီးနှင့် စက်များ အထိန်းအချုပ်ပစ္စည်းများ (ဂီယာ၊ လီဗာ၊ စသည့်ပစ္စည်းများ)ကို နေ့စဉ် လုပ်ငန်းခွင်မဝင်မီ ကြိုတင်စစ်ဆေးလျှက် အနည်းဆုံး (၃)ကြိမ်ထက် မနည်း အတင်/အချ စမ်းသပ်ပြီး လုံခြံုစိတ်ချရမှသာ လူနှင့်ပစ္စည်းများ အတင်/အချ ပြုလုပ်ခွင့်ပြုပါမည်။

ဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းများ အသုံးမပြုခြင်း၊ အကာအကွယ် ပစ္စည်းများ၏ အရည်အသွေးညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပွားခြင်း

မြေအောက်သတ္တုတူးဖော်ရေး ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းများတွင် လုပ်သားများအား မြေအောက်လုပ်ငန်းခွင် ကာကွယ်ရေးဝတ်စုံ (အကာအကွယ်ပစ္စည်း)များ ၀တ်ဆင် အသုံးမပြုသည့်အတွက်လည်းကောင်း၊ ၀တ်ဆင်သောအကာအကွယ်ပစ္စည်းများမှာ လုံလောက်သော ကာကွယ်မှုများ မပြုနိုင်သောကြောင့် မြေအောက်လုပ်ငန်းခွင်များတွင်၊ မတော်တဆ ထိခိုက်မှုများဖြစ်၍ ပြင်းထန်စွာ ဒါဏ်ရာရရှိခြင်း၊ အသက်အန္တရာယ် ထိခိုက်ခြင်း များဖြစ်ပွားလေ့ရှိပါသည်။

  • ဦးခေါင်း၊ ခြေလက်များအား မြေစာခဲ၊ ကျောက်ခဲများပြုတ်ကျ၍ ထိခိုက် ဒါဏ်ရာ ရခြင်း၊ အသက်အန္တရာယ် ဆုံးရှုံးခြင်း။

ကြိုတင်ကာကွယ်နည်းများ

အထက်ပါမတော်တဆထိခိုက်မှုများအား အောက်ပါနည်းစနစ်ဖြင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ပေးပါမည်။

  • မြေအောက်လုပ်သားများအားလုံး မြေအောက်လုပ်ငန်းခွင် ကာကွယ်ရေး ၀တ်စုံဖြစ်သည့် အမာခံမိုင်းဦးထုပ်များဆောင်းစေခြင်း၊ ခြေချောင်းများအား လုံခြံုစွာကာကွယ်ပေးနိုင်သော သံမဏိထိပ်အုပ်ပါဖိနပ်များ။
  • (Toe Cap) ပါရှိသော သတ္တုတွင်းလုပ်ငန်းသုံး ဖိနပ်များစီးစေခြင်း၊ အမြင့်တွင် လုပ်ငန်းဆောင်ရွက် သူများနှင့် စက်သီးဖြင့် အတက်/အဆင်း ပြုလုပ်သူများ အား လုံခြံုရေးခါးပတ် (Safety Belt)များ ၀တ်ဆင်အသုံး ပြုစေခြင်း၊ လက်နှိပ် ဓါတ်မီးများ၊ ကာဗိုဒ်မီး ခွက်၊ ဖယောင်းတိုင် အစရှိသည့် အလင်းရောင်ပေး သော ပစ္စည်းများအား ကိုယ်နှင့်မကွာထားရှိ ယူဆောင်စေခြင်းများ ပြုလုပ်ပေး ပါမည်။

မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ရခြင်းနှင့်    ကြိုတင်ကာကွယ်နည်းများ

မြေအောက်သတ္တုတွင်းများတွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်ကာ ကွယ်ရေးအစီအမံများ ပြုလုပ်ထားသည့်တိုင် ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များ ဖြစ်ကြသည့် ငလျင်လှုပ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မုန်တိုင်းကျရောက် ခြင်းများကြောင့် မြေအောက်လုပ်ကွက်များ ပြိုကျပိတ်မိခြင်း၊ မီးလောင်ပေါက်ကွဲခြင်း၊ လေပြတ်ခြင်းအစရှိသည့် ဘေးအန္တရာယ်များ ကျရောက်တတ်ပါသည်။ ဤကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် မတော်တဆ ထိခိုက်ဆုံးရှုံးမှုများ၊ အန္တရာယ်ကျ ရောက်မှုများ သက်သာစေရန်အတွက် မြေအောက်လုပ်ကွက်များတွင် တစ်နေရာနှင့် တစ်နေရာ အလွယ်တကူ ကူးသန်းဆက်သွယ်နိုင်သော ဖြတ်လှိုဏ်ဂူများ၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ အစမ်းလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပါမည်။ ငလျင်လှုပ်ပြီးနောက် မြေအောက်ရှိ သစ်သားအထောက်များ၏ ချို့ယွင်းပျက်စီးမှုများအား စစ်ဆေး၍လိုအပ်သလိုပြုပြင်မှု များပြုလုပ်ပေးပါမည်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးစီမံချက်

ဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်လုပ်ငန်းစဉ်များ

သတ္တုတွင်း၌ ဘေးအန္တရာယ်ကင်းရှင်းရန်နှင့် မတော်တဆဖြစ်ပွားမှုများကာ ကွယ်ရန် စီမံဆောင်ရွက်ရန်နှင့် ပတ်သက်၍ မြန်မာ့သတ္တုတွင်း နည်းဥပဒေများ (၂၀၁၈) အခန်း(၂၈)၊ ပုဒ်မ ၁၇၆၊ ၁၇၇၊ ၁၇၈၊ ၁၇၉၊ ၁၈၀၊ ၁၈၁ ပါပုဒ်မခွဲများအတိုင်း လိုက်နာ ဆောင်ရွက်ပါမည်။ အောက်ဖော်ပြပါအချက်များ ပါ၀င်သော ဘေးအန္တရာယ်ကာကွယ် ရေးစီမံချက်အား ရေးဆွဲထားရှိ ဆောင်ရွက်ပါမည်။

အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းစီမံချက်

  • အရေးပေါ်အခြေအနေ အချက်ပေးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ၀န်ထမ်း၊ လုပ်သားအားလုံး အနီးဆုံးဆက်သွယ်ရေး ကိရိယာရှိရာနေရာသို့ စုစည်း သွားရောက်နိုင်စေရန် စီမံထားပါသည်။
  • လုပ်သား/၀န်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းခွင် ကျွမ်း ကျင်မှုမရှိစေရေးအတွက် မြေအောက်လုပ်ငန်းခွင်နေရာများ၊ အရေးကြီး တာဝန်များ မပေးအပ်မှီ စပ်းသပ်အကူကာလ(၁)လမှ(၃)လအထိ ကျွမ်းကျင် လုပ်သားများနှင့် မြေပေါ်တွင် တွဲဖက်တာဝန်များကိုပေးအပ် လေ့ကျင့်ပေးပါ သည်။ လုပ်ငန်းခွင် ရက်တိုသင်တန်းများကိုလည်းကောင်း၊ နေ့စဉ်ကြီးကြပ် ရေးမှူးများ၏ ပညာရေးသင်တန်းများကိုလည်းကောင်း အရေးပေါ်ကျန်းမာ ရေးဆိုင်ရာ အသိပညာပေး သင်တန်းများကိုလည်းကောင်း ပို့ချပေးထားပါ သည်။
  • ၀န်ထမ်း၊ လုပ်သားအားလုံး မြေထု၊ ရေထု၊ လေထု ညစ်ညမ်းခြင်း လက္ခဏာ များ၊ အနံ့အသက်၊ အငွေ့စသည်တို့ကို ကြိုတင်ရှင်းလင်း အသိပေးထားခြင်း နှင့်မြေအောက်တွင် ထူးခြားသော အနံ့အသက်များရရှိပါက ချက်ခြင်းသတင်း ပို့ဆောင်ရွက်စေပါသည်။
  • ဆင့်ကဲဆင့်ကဲ သတင်းပို့စနစ်နှင့် အချက်ပြစနစ်များအား ကြိုတင်ရှင်းလင်း သင်ကြားလေ့ကျင့်ပေးထားပါသည်။
  • လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိသောနေရာ၊ ဌာနမှဝန်ထမ်း/လုပ်သားများအမြန် ဆုံးထွက်ခွာစေခြင်း၊ လုံခြံုဘေးကင်းသောနေရာသို့ အမြန်ဆုံးရောက်ရှိစေ ရေးသတိပေးချက်နှင့် အချက်ပြစနစ်များတပ်ဆင်ခြင်း၊ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ပါမည်။
  • ကြိုတင်သတ်မှတ် ဖွဲ့စည်းထားသော တုံ့ပြန်ရေးအဖွဲ့များ (Emergency Response groups) မှသတ်မှတ်နေရာအလိုက် စုစည်းခြင်း၊ သက်ဆိုင်ရာ အပိုင်းလိုက် တုံ့ပြန် ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း။
    (ဥပမာ- မီးငြိမ်းသတ်ရေးအဖွဲ့၊ ပစ္စည်းရွှေ့ပြောင်းရေးအဖွဲ့၊ လုံခြံုရေးအဖွဲ့၊ သူနာပြုအဖွဲ့)
  • မြို့နယ်/ကျေးရွာ မီးသတ်တပ်ဖွဲ့ဝင်များအား ဖိတ်ခေါ်၍ ကုမ္ပဏီဝန်ထမ်းများ အားမီးဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများနှင့် ဇာတ်တိုက် လေ့ကျင့် မှုအစီအစဉ်များဆောင်ရွက်စေပါသည်။ မီးဘေးလုံခြံုရေးစီမံချက်ကိုလည်း ရေးဆွဲထားရှိပါမည်။
  • နိုင်ငံတော်အစိုးရ၏ မီးသတ်၊ ကြက်ခြေနီ၊ အလုပ်သမားစသည့် ဌာနများမှ ဖွင့်လှစ်သော သင်တန်းများသို့ လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးနှင့် လုပ်သားများ အလှည့်ကျ စေလွှတ်သင်ယူစေပါမည်။
  • အဆိပ်အတောက်ဖြစ်စေမည့် ဓာတုဗေဒ၊ ပိုးမွှားပျော်ဝင်ပစ္စည်းများ ပျံ့နှံ့ ၀င်ရောက်ခြင်း ရှိ/မရှိ စမ်းသပ်စစ်ဆေးသည့် ကိရိယာ(Rapid Test Kits) များအသင့်ထားရှိခြင်း။ မြေအောက်တွင် ထူးခြားသော အနံ့အသက်များရရှိပါ ကချက်ခြင်းသတင်းပို့ ဆောင်ရွက်စေပါသည်။
  • ရေသန့်နှင့် အစားအသောက်များ အချိန်မီထောက်ပံ့ ဖြည့်တင်းနိုင်မည့် အစီ အစဉ်များ ဆောင်ရွက်ထားပါသည်။

အန္တရာယ်ရှိစေသောပစ္စည်းများ ကိုင်တွယ်ဆောင်ရွက်ခြင်း နည်းလမ်းများ

  • စီမံကိန်း ဧရိယာအတွင်း ဘေးအန္တရာယ်ဖြစ်စေမည့် ပစ္စည်းများအား ကြိုတင်သတ်မှတ် အသိပေးထားခြင်း။
  • မည်သည့်ပစ္စည်းအတွက် မည်သူမှ အဓိကတာဝန်ရှိသူဖြစ်ကြောင်း ကြိုတင်သတ်မှတ် ပေးထားခြင်း။
  • အန္တရာယ်ရှိပစ္စည်းများ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း။
  • စွန့်ပစ်ခြင်းပြုလုပ်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် တွင် မည်မျှသက်ရောက်မှုရှိနိုင်ကြောင်း ရှင်းလင်းအသိ ပေးထားခြင်း။
  • လိုအပ်ချက်၏ အနည်းဆုံး ပမာဏကိုသာ အသုံးပြုခြင်းဖြစ်အောင် စီမံဆောင်ရွက် ခြင်း။
  • ကြိုတင်သိရှိနိုင်သော အာရုံခံစနစ်များ တပ်ဆင်ထားသည့် သိုလှောင်ရုံများတည် ဆောက် သိမ်းဆည်းထားခြင်း။
  • လုပ်ငန်းခွင်မှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရာတွင် သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်မှုမရှိစေရေး၊ ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများအသုံးပြု ဆောင်ရွက်ခြင်း။
  • မမျှော်မှန်းနိုင်သော မတော်တဆမှုဖြစ်စဉ်ဖြစ်ရပ််များ ဖြစ်ပေါ်လာပါက သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချပေးနိုင်မည့် တုန့်ပြန်မှုအစီအမံများ စီမံကိန်းလုပ်ငန်း ခွင်အတွင်း ရှင်းလင်းလွယ်ကူစွာ စီမံထားရှိခြင်း။
  • နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးသက်ရောက်မှုများအား ရှောင်လွှဲနိုင်မည့် စောင့်ကြပ်ကြည့်ရှုရေးနှင့် စုံစမ်းရေး အစီအစဉ်များ ထားရှိခြင်း။
  • စီမံကိန်းနှင့် အလားတူလုပ်ငန်းများ၏ ပြည်တွင်း/ပြည်ပ ဖြစ်စဉ်ဖြစ်ရပ်များကို မှတ်တမ်း တင်ထားရှိခြင်း၊ လေ့လာသုံးသပ်ခြင်းနှင့် အလားတူဖြစ်ပေါ်နိုုင် သောအန္တရာယ်များကို ကြိုတင်မှန်းဆရှောင်လွှဲခြင်း။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကာကွယ်ခြင်း ဆောင်ရွက်မှုများ

  • Winch ဆွဲကြိုးကြောင့် မတော်တဆအန္တရာယ် မဖြစ်စေရေးအတွက် Winch မောင်းသူ သည် Winch ကြိုးကြံ့ခိုင်မှုကို အမြဲတစေစစ်ဆေးခြင်းနှင့် တာဝန် ထမ်းဆောင်နေစဉ် ထမ်းဆောင်သူ၏ စိတ်ရောကိုယ်ပါ လုပ်ငန်းထဲ အချိန်ပြည့်ထား၍ စိတ်ဝင်စားစွာ တာဝန်ထမ်းဆောင်စေပါသည်။ အရှိန်ထိမ်းဂီယာစနစ်ဖြင့် ဘရိတ်များကောင်း/ မကောင်းကို လုပ်ငန်းမစတင်မီ ကြိုတင်စမ်းသပ်မောင်းနှင်စေပါမည်။ ယင်းအစိတ် အပိုင်းများ ပုံမှန်အလုပ်လုပ်နိုင်စေရန် စက်မှုကျွမ်းကျင်သူများမှ ပုံမှန်စစ်ဆေး၍ကြံ့ခိုင် ရေးပြုလုပ်စေပါမည်။ မြေစာပုံးများနှင့်အခြား သယ်ယူပစ္စည်းများ အတင်/အချ ပြုလုပ် ရာတွင် အလိုအလျှောက် အသံမြည်အချက်ပေးသော စနစ်များတပ်ဆင် အသုံးပြု၍ လုံခြံုစိတ်ချအောင် ဆောင်ရွက်သွားပါမည်။
  • မြေပြိုခြင်းကြောင့် မတော်တဆထိခိုက်မှု မရှိစေရေးအတွက် မိမိလုပ်ကိုင်နေ သောမြေ အမျိုးအစား၊ ကျောက်အမျိုးအစား၊ တည်ငြိမ်မှု အားနည်းသော/ ကောင်းမွန်သော စသည့်အချက်များကို ခွဲခြားလေ့လာနိုင်သည့် တတ်ကျွမ်းသော ပညာရှင်များကို အနီးကပ်ကြီးကြပ်စေပါမည်။ မြေအမျိုးအစားအလိုက် လိုအပ်သောအထိန်းအထောက် များတပ်ဆင်စေပါမည်။ တပ်ဆင်ထားသော သစ်သားထောက်များ၊ အကာများ (Side Lagging) နှင့်အမိုး (Roofing)များ၏ အခြေအနေကို အမြဲလေ့လာ စစ်ဆေးကြည့်ရှု စေပါမည်။
  • လေနှင့်အလင်းရောင် မလုံလောက်မှုကြောင့် မတော်တဆထိခိုက်မှုမရှိစေ ရေးအတွက် မြေပေါ်မှ အထောက်အပံ့ပစ္စည်းများ မဖြစ်မနေလိုအပ်ပါသည်။ မြေအောက်သို့ လုပ်ငန်း များတစ်ဆထက်တစ်ဆတိုးချဲ့ကျယ်ပြန့်၍ နက်လာသည်နှင့်အမျှ လေနှင့် အလင်း ရောင်ပို၍ပို၍ လိုအပ်လာပါမည်။ စနစ်တကျ တူးဖောက်ထားသော ပင်မလှိုဏ်ဂူမှ တစ်ဆင့် လုပ်ကွက်များသို့ သဘာဝလေဖိအားစနစ် (Atmospheric Pressure) ဖြင့် သဘာဝလေရရှိနိုင်အောင် လေပေးလှိုဏ်ဂူများ၊ ဆန်တွင်းများ (Raises) ဖောက်ခြင်း ပြုလုပ်ပါမည်။ သဘာဝလေဖိအားဖြင့် လုံလောက်သောလေ မရရှိပါက လေပေးစက် များတပ်ဆင်ပြီး လေပေးပန်ကာများ (Ventilation Fan) ဖြင့် လေပိုက်များ စနစ်တကျ သွယ်တန်း၍ လေပေးသွင်းပါမည်။

အရေးပေါ်အခြေအနေတစ်ခုအတွက် ဆက်သွယ်ဆောင်ရွက်ရမည့် ဌာနများ

  • ဒေသဆိုင်ရာ လုံခြံုရေးတပ်ဖွဲ့ ။
  • မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (လက်ပံလှ၊ စဉ့်ကူး၊ ပြင်ဦးလွင်) ။
  • မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (ကျည်တောက်ပေါက်၊ လက်ပံလှ၊ စဉ့်ကူး) ။
  • အစိုးရဆေးရုံ/ ဆေးခန်းနှင့် ပုဂ္ဂလိက ဆေးခန်းများ ။
  • လူမှုကူညီရေး ပရဟိတအသင်းများ ။
  • အမှတ်(၂)သတ္တုတွင်း လုပ်ငန်းရုံးခွဲ ။
  • နယ်မြေခံသစ်တောဦးစီးဌာနနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရုံးခွဲများ။
  • ကုမ္ပဏီရုံးချုပ် ။
  • မိတ်ဖက် ကုမ္ပဏီ လုပ်ငန်းရုံးခွဲများ။